ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Tuesday 18 November 2014

အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၃)

           အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (၃)
                             အင်္ဂါသားသမီး (သို့) ဘောမတိုင်အကြောင်း
   
    အင်္ဂါသားသမီးများ၏ မူလစွမ်းအားသည် ထင်ပေါ်မှုဂုဏ်သတင်း ကြီးလွယ်ခြင်း၊ ထီပေါက်ခြင်း၊ ရာထူးကြီးကြီးရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်လွယ်ခြင်း၊ အိမ်ထောင်ရေးကံကောင်းခြင်း၊ အိုးအိမ်ကောင်း ပိုင်ဆိုင်မှုရရှိခြင်း အစရှိသော ကိစ္စများကို တိုက်ဆိုင်ကြုံတွေ့နိုင်ရန် အခွင့် အလမ်းများရှိနေသော်လည်း အင်္ဂါသားသမီးအများစုသည် ငွေကြေးကို အပျော်အပါးနေရာတွင် အသုံးချသည်က များခြင်း၊ စကားကတိပျက်လွယ် ခြင်း၊ အတွေးအခေါ်တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် အောင်မြင်မှုများနှင့် ကင်းဝေးရခြင်း ဖြစ်ပါသည်။
    အကယ်၍ ၎င်းင်းတို့သည် မိမိတို့၏ အားနည်းချက်များကိုသာ ပြုပြင် လိုက်ပါက အထက်ဖော်ပြခဲ့သော အဆိုးများနှင့် ကင်းလွတ်ပြီး ကိုယ်၊ စိတ် နှစ်ပါးစလုံး ချမ်းသာစွာ ရရှိမည်ဖြစ်ပါသည်။
   အကျိုးတရား 
      ၀                             ၀    (ထင်ပေါ်မှုဂုဏ်သတင်း)
      ၄                             ၄    (လူတစ်ကိုယ်လုံးစီးပွားအောင်မြင်)
      ၁                             ၁    (အိုးအိမ်၊ အိမ်ထောင်အောင်မြင်)
    - ၃ - (စိတ်လှုပ်ရှားမှု)    - ၃ -   
   အကြောင်းတရား  
        ၆                           ၆    (စကားဂတိ)
       ၂                           ၂    (ငွေ၊ အကြား)
       ၅                           ၅    (အတွေးအခေါ်)
    အင်္ဂါသားသမီးများ၏ မူလတွင် (စိတ်) ဟုခေါ်သော ဂြိုဟ်ပရိ ယာယ် စိတ်လှုပ်ရှားမှု (အင်္ဂါ) နံပါရှိသည့်အတွက် (စိတ်) ကိုတည်ငြိမ်အောင် ထားနိုင်လျှင် ပို၍ တိုးတက်မှုများရရှိပါမည်။ အလားတူ အင်္ဂါချိန်ရောက် သည့်အခါတွင်လည်း စိတ်ကိုတည် ငြိမ်အောင်ထားနိုင်ပါမှ ၎င်းင်းအချိန်တွင် ကောင်းကျိုးကို ခံစားရရှိမှာဖြစ်ပါသည်။ ၎င်းင်းစိတ်ကို ဖျက်ဆီးနေသော ကိန်းဂဏာန်းများမှာ အင်္ဂါတိုင်၏ စတုရန်းဌာနတွင် ရပ်တည်နေသော (၆) ဂဏာန်း (စကား၊ ခရီး)နှင့် ခိုက်တွင်ရှိသော (ငွေ၊ အကြား) အပါအ၀င် တြိရန်းဌာနတွင် ရပ်တည်နေသော ကြာသပတေးနံ (ပည၊ အတွေးအခေါ်) တို့ ဖြစ်ပါသည်။
    ၀    (ပဉ္စပွတ်)                 ဝ
    ၄    (ဒွိရန်း) အညွန့်          ၎
    ၁    (ဆပွတ်)                 ၁
    - ၃ -    (စိတ်) မူလ        - ၃ -
    ၆    (စတုရန်း)                ၆    (ခရီး/စကား)
    ၂    (သတ္တရန်း) အမြစ်      ၂    (ငွေ၊ အကြား)
    ၅    (တြိရန်း)                  ၅    (ပညာ၊ အတွေးအခေါ်)
    (စကား)သည် စတုရန်းဌာန ပရိယာယ်အရ စကားကတိမတည်ခြင်း၊ ကတိပေးလွယ်ကူခြင်း၊ အတိုက်အခံစကားများပြောဆို ခြင်း၊ မိမိပြောတာမှ အမှန်ထင်၍ တဖက်လူပြောသမျှ အမှားဟုထင်နေခြင်း၊ အစရှိသည်တို့ကို ရှောင်ကြဉ်ရန်ဖြစ်ပြီး (ခရီး)သည် မိမိသွားလိုသော ခရီးကိုဦးတည်မှုမရှိခြင်း၊ သွားချင်ရာသွားခြင်း၊ မသွားသင့်သောခရီးများကို ဇွတ်သွားခြင်းတို့ကို ရှောင်ကြဉ်ရန် ဖြစ်ပါသည်။
    (ငွေ) ရပ်တည်မှုသည် (သတ္တရန်းဌာန) အမြစ်ဂြိုဟ်တွင်ရပ်တည် နေပြီး ၎င်းင်းပရိယာယ်အရငွေကိုတော့ စုပါသည်။ စုပြီးသောငွေ များကို အပျော်အပါးအတွက်သုံးခြင်း၊ လောင်းကစားအတွက်သုံးခြင်း၊ အရက် သောက်၍ကုန်ခြင်း၊ မ၀ယ်သင့်သော ပစ္စည်းများကို ၀ယ်မိခြင်း၊ အ၀တ် အစား အပိုအလျှံဝယ်ခြင်း အစရှိသော ကိစ္စများရှောင်ကြဉ်ရန်နှင့် (အကြား) ပရိယာယ်အရ မရှိတာကို အရှိလုပ်၍ ကြားခြင်း၊ သူတစ်ပါးပစ္စည်းများ        ငှား၍ ကြားခြင်း၊ အရာရှိပုံစံဖမ်း၍ကြားခြင်း အစရှိသော ကိစ္စများကို ရှောင်ကြဉ်ရန်ဖြစ်ပါသည်။
    (ပညာ) ဟူသော ပရိယာယ်ရပ်တည်မှုသည် တြိရန်းဌာနတွင် ရပ်တည်မှုအရ ပညာသင်ရာတွင် ဇွဲမရှိခြင်း၊ ပညတစ်ခုမပြီးခင် နောက် တစ်ခုပြောင်းလဲ၍ သင်ယူခြင်း၊ ပင်ကိုယ်ဉာဏ်ကောင်းသော်လည်း ၎င်းဉာဏ်ကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျ အသုံးမချတတ်ခြင်း၊ ပညာများစွာ ကိုလည်း တချိန်ထဲသင်ယူခြင်း၊ တော်ကြာဗေဒင်ဆရာဖြစ်လိုက်၊ တော်ကြာ ဆေးဆရာဖြစ်လိုက်၊ နောက်လ္ဘက်ရည်ဆိုင် လုပ်စားလိုက်ပြီးတော့ ဗေဒင်ပြန် ဟောလိုက်၊ အတတ်ပညာတွေစုံပြီး အောင်မြင်မှုမရှိသည့်အတွက် ၎င်းင်းကိစ္စများကို ရှောင်ကြဉ်ရန် ဖြစ်ပါသည်။
    (အတွေးအခေါ်) ဆိုသော ပရိယာယ်သည် တြိရန်းဌာနတွင် ရပ်တည်မှုကြောင့် မိမိအတွေးအခေါ်ကောင်းသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာတွင် ယုံမှားသံသယနှင့် အောင်မြင်မှုမရှိခြင်း၊ ညတုံးက တွေးထားတာ (ပဲခူး)သွားဘို့ဘဲ မနက်ကျတော့ (သန်လျင်) ရောက်သွားရော အတွေးအခေါ် တည်ငြိမ်မှု ပြတ်သားမှုမရှိ အစရှိသော ကိစ္စများကို ရှောင်ကြဉ်ရန် ဖြစ်ပါသည်။
    အထက်ဖော်ပြပါ အကြောင်းတရားများကို ရှောင်ကြဉ်ပါက ပဉ္စပွတ်ဌာနတွင်ရှိသော ထင်ပေါ်မှု ဂုဏ်သတင်းများရရှိခြင်း၊ ငွေကြေး အထုပ်အထည်နှင့် ရရှိခြင်း၊ ထီပေါက်ခြင်း၊ ရာထူးတက်ခြင်း အစရှိသော စနေနံပရိယာယ်များကို တိုက်ဆိုင်ကြုံတွေ့ပါမည်။
    တဖန် အညွန့်တွင် ရှိနေသော ဗုဒ္ဓဟူးဂြိုဟ်၏ပရိယာယ်အရ ကုန်လွယ်မှု လုပ်ငန်းများအောင်မြင်ခြင်း၊ ရွှေဝင်ခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်အဖြစ်  အောင်မြင်မှုများရရှိခြင်း အစရှိသော အကျိုးတရားများရရှိပြီး ဆပွတ်တွင်ရှိသော တနင်္ဂနွေဂြိုဟ်၏ ပရိယာယ်အရ အိုးအိမ်ကောင်းနှင့် နေထိုင်ရခြင်း၊ အိမ်ထောင်ရေးသာယာမှုရှိခြင်း၊ ဆွေမျိုးအုပ်စုတို့၏ ထောက်ပံ့မှုများရရှိခြင်းတို့ကို ကြုံတွေ့နိုင်၍ ဖော်ပြပြီးသော အကြောင်း တရားများကို မရှောင်ကြဉ်နိုင်ပါက အင်္ဂါတိုင်၏ အကျိုးကျေးဇူးများ မခံစားရဘဲ ဆိုးကျိုးများကို ကြုံတွေ့နိုင်ပါသည်။သစ်ပင်တစ်ပင်တွင် အမြစ်သည် အရေးကြီးပါသည်။ အမြစ် ပုတ်သွားသော အပင်သည် အညွန့်များခြောက်သွေ့သွား မည်ဖြစ်ပါသည်။
    ၀  
    ၄    (အညွန့်)
    ၁
   - ၃ -  
    ၆
    ၂    (အမြစ်)
    ၅
    အင်္ဂါသားသမီးများသည် အထက်ပုံတွင် ပြထားသကဲ့သို့ (အမြစ်) ဖြစ်သော နင်းကြမ်းအကြောင်းတရားများကို မပယ်သတ်နိုင်ခဲ့သော် ပဉ္စပွတ် ဌာနတွင်ရှိသော စနေဂြိုဟ်ပရိယာယ်အရ ရာထးကျခြင်း၊ ထောင်အမှုအခင်း များကြုံတွေ့ခြင်း ခွဲစိတ်ကုသမှုခံရခြင်း အစရှိသော ပရိယာယ်များကို ကြုံတွေ့လာမည်ဖြစ်ပါသည်။
    ဗုဒ္ဓဟူးဂြိုဟ်သည် စီးပွားနေရာတွင် ရပ်တည်နေမှု ပရိယာယ်အရ လက်ထဲတွင် ငွေမရှိဘဲ စီးပွားရေးလုပ်ငန်းများတွင် ဟန်ဆောင်နေရခြင်း၊ ဆန်မရှိဘဲ အစားကြီးဖြစ်နေခြင်း၊ ပွဲစားယောင်ယောင် ဘာယောင်ယောင် နှင့် မိတ်ဆွေတို့၏ ကဲ့ရဲ့မှုကို ခံရခြင်း၊ အိမ်ကထွက်သွားတော့ အိတ်ကြီးတွေ ဘာတွေနဲ့ ရှိုးအပြည့်နဲ့ဘဲ ဒါပေမယ့် အလုပ်ထဲရောက်တော့မှ အင်္ကျီချွတ်၊ ပုဆိုးကို တိုတိုဝတ် ပေါက်ပြားကိုင် မြက်ပေါက် နေရတာမျိုးကြုံတွေ့ နိုင်ပါသည်။
    ဆပွတ်နေရာတွင် တနင်္ဂနွေဂြိုဟ်ရပ်တည်နေသောကြောင့် ၎င်းင်းဂြိုဟ် ၏ ပရိယာယ်အရ အိမ်ထောင်ဘက်သည် မိမိအားစွန့်ခွာ၍ နောက်အိမ် ထောင်ပြုသွားခြင်း၊ မိမိကိုယ်တိုင်လည်း တခုလပ်များ၊ မုဆိုးမများနှင့်အိမ်ထောင်ကျ၍ အိမ်ထောင်တစ်ဆက်ပြီး တစ်ဆက်ကျကာ ဘ၀တွင် တည်ငြိမ်မှုမရှိခြင်း၊ အိုးပိုင်အိမ်ပိုင်မရှိ၍ ဆွေမျိုးသားချင်းတို့၏ အပယ်ခံဘ၀ကို ရောက်ရှိသွားနိုင်ပါသည်။
    အထက်ပါအင်္ဂါတိုင်၏ အကြောင်းအကျိုး ဆက်သွယ်မှုများကြောင့် သင်သည် အင်္ဂါသားတစ်ဦး (သို့) အင်္ဂါချိန်သို့ရောက်ရှိ ပါက ဖော်ပြခဲ့သော အကြောင်းတရားများကိုသာ ရှောင်လိုက်ပါက သင့်ဘ၀တစ်လျှောက်လုံး ကောင်းကျိုးများကိုသာ ကြုံတွေ့ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လောကီ၊ လောကုတ္တရာ ကောင်းကျိုးနှစ်ဖြာကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။