ဆရာဦးမြတ်ထွဋ်ခေါင်(မြန်မာရိုးရာဗေဒင်ပညာရှင်)

Sunday, 19 October 2014

စာရေးသူသည် ၁၉၉၆ ခုနှစ် ဗေဒင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ကမာရွတ်မြို့နယ်မှ ဆရာဦးရွှေသွေးထံတွင် နက္ခတ္တဗေဒ သုံးနံပေါ်နိစ်၊ ဂဏာန်း ဗေဒင်၊ လက္ခဏာ တို့ကို လေ့လာသင်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဆန်းဗေဒင်ဆရာ ကိုထင်အောင်နှင့် တွေ့ကာ ဆန်းဗေဒင်ပညာကို ဆက် လက်လေ့လာခဲ့ပါသည်။ ၁၉၉၇ နှစ်ကုန်ပိုင်းလောက်တွင် တောင်ဥက္ကလာ ပ (၄)ရပ်ကွက်မှ ဆရာ ဦးသန်းဝင်း နှင့် တွေ့ရှိပြီး မြန်မာ့ရိုးရာ ပညာများဖြစ် သော မဟာဘုတ်ပညာ၊ အင်္ဂ ၀ိဇ္ဇာပညာ၊ လောကဓံ (၈)ပါး ဗေဒင်ပညာနှင့် န၀င်းစီးပညာ၊ ဓါတ်ဆင်ဓါတ်ရိုက်ပညာများကိုဆက်လက်သင်ယူခဲ့ပါသည်။ ၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်တွင် တရားဝင်ဆိုင်းဘုတ်တင်၍ ဗေဒင်ဟောပြောခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် နက္ခတ္တရောင်ခြည်တွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ဂမ္ဘီရမဂ္ဂဇင်း၌ ဆရာမြတ်ထွဋ်ခေါင်ကလောင်အမည်ဖြင့် ဗေဒင်ဆောင်းပါးများ ဆက်လက်၍ ရေးသားခဲ့ပါသည်။ ၂၀၀၇ ခုနှစ် တနှစ်စာအတွက်လည်း ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဆရာမြတ်ထွဋ်ခေါင်ကလောင်အမည်ဖြင့် ဗေဒင်ဆောင်းပါးများ ရေးသား ဖော်ပြပါဝင်ခဲ့ပြီး ဖြစ်ပါသည်။
    ၂၀၀၆ ခုနှစ်တွင် ဗေဒင်သင်တန်းအပတ်စဉ် ၄/၂၀၀၆ကို သင်တန်းနည်းပြအဖြစ် တာဝန်ယူသင်ကြားပေးခဲ့ပြီး ဆရာဦးသန်းဝင်း နှင့် တိုင်ပင်ကာ ယခုကျွန်ုပ်ရေးသားပြုစုသော လောကဓံ (၈)ပါး ဗေဒင် လက်စွဲကျမ်းကို သင်တန်းကိုင် စာအုပ်အဖြစ်ထုတ်ဝေရန် ရည်ရွယ်၍ ကြိုးပမ်းခဲ့ပါသည်။ ကျွန်ုပ်သည် ဤစာအုပ်ဖြစ်မြောက်ရန် အတွက် ရည်ရွယ်ချက် (၂)ခု ရှိပါသည်။ ပထမတစ်ခုမှာ ကျွန်ုပ် မသေမီ လူသား တစ်ဦး (သို့) လူသားအားလုံးအတွက် လောကီလောကုတ္တရာ အကျိုးရှိသော ကိစ္စတစ်ခုကို ဆောင်ရွက်ရန်နှင့် ဤပညာရပ်ကို သင်ကြားပေးသော ဆရာသခင် ကျေးဇူးရှင်များ၏ ကျေးဇူးအား ဤစာအုပ်ငယ်ဖြင့် ကျေးဇူး ဆပ်ရန် ဖြစ်ပါသည်။
    ကျွန်ုပ်ရေးသားပြုစုခဲ့သော ဤစာအုပ်ငယ်လေးသည် လူသားအား လုံးတို့၏ လောကဓံအနိမ့်အမြင့်၊ တစိတ်တဒေသကို တီးခေါက်မိ၍ အနည်းငယ်မျှ သိရှိ နားလည်ပြီဆိုပါလျှင် ကျွန်ုပ်ကြိုးစားရကျိုးနပ်ပြီဟု ကျွန်ုပ်ခံယူမိပါသည်။




                                                                    (၇)  ရက်သားသမီးတို့အား အစဉ်လေးစာလျှက်
                                                                                ဆရာ မြတ်ထွဋ်ခေါင်

No comments:

Post a Comment

ဝင်ရောက်ကြည့်ရှုသူများ အဆင်မပြေက comment ချန်ပေးခဲ့ပါ။